ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်ထဲမှာ မိဘ တွေက အကြွေး မပေးနိုင်လို့ ထွက်ပြေးသွားပြီး ကြွေးရှင်က ကျန်တဲ့ ကလေး ၂ ယောက်ကို ရိုက်နှက်နှိပ်စက်တဲ့အတွက် ကလေးငယ် တဦး သေဆုံး ကာ တဦးကိုတော့ ဆေးရုံတင်လိုက်ရပါတယ်။

မိုင်းပန်မြို့နယ် နမ့်တိန်းအုပ်စု မိုက်ကွမ်းရွာထဲမှာ ကလေး သေဆုံးမှု ဖြစ်ပွားကြောင်း အန်အယ်လ်ဒီ ရပ်ကျေး ဥက္ကဋ္ဌ က စက်တင်ဘာ ၂၄ ရက် မနက် ၆ နာရီလောက်က အကြောင်းကြားလာတဲ့အတွက် ရဲစခန်း ကို တိုင်ကြားပြီး စခန်းမှူး၊ နယ်ထိန်း၊ မြို့နယ်မှူးတို့နဲ့အတူ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ မိုင်းပန် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးတင်ခိုင် က ဒီဗွီဘီကို ပြောပါတယ်။

“အခင်း ဖြစ်တဲ့နေရာကို ကျနော်တို့လိုက်သွားတော့ မိုင်းပန်နဲ့ ၂ မိုင်လောက်ဝေးတဲ့ မိုက်ကွမ်း ကျေးရွာ အနီးမှာ လမ်းပြင်လုပ်သားအဖွဲ့ နေထိုင်တဲ့ တဲတန်းလျားလေး တွေ့ရပါတယ်။ အဲဒီမှာ တကိုယ်လုံးညိုမည်းပြီး ခေါင်းမှာလည်း ဒဏ်ရာ နဲ့ သေဆုံးနေတဲ့ အသက် ၇ နှစ်အရွယ် ကလေး မလေး ကို တွေ့တယ်။ ဒါနဲ့ အဲဒီတဲထဲမှာရှိတဲ့ မိန်းမ တယောက်နဲ့ ယောက်ျားတယောက်ကို မေးတော့ ခင်သန်းဌေးဆိုတဲ့ အမျိုးသမီး က ကျမရိုက်တာလို့ပြောတယ်။ ဘာနဲ့ရိုက်လဲဆိုတော့ ဝါးခြမ်းပြားနဲ့တဲ့၊ ဘာဖြစ်လို့ရိုက်သလဲဆိုတော့ ဒီကလေးရဲ့ အဖေ အမေ တွေက ကျမကို ပိုက်ဆံ ပေးစရာရှိတာ မပေးဘဲ ကလေးတွေထားခဲ့ပြီး ထွက်ပြေးသွားလို့တဲ့၊ အဲလိုပဲဖြေပါတယ်။”

ဒါ့အပြင် နောက်ထပ် ကလေး တယောက်ကိုလည်း လူမဆန်စွာ ရိုက်နှက်ထားကြောင်း ဒေသခံတွေက ပြောတဲ့အတွက် သေဆုံးသူ မဖူးဖူးရဲ့ မောင်ဖြစ်သူ အသက် ၃ နှစ်ရွယ် ကလေး ကိုပါ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဲဒီ ကလေး မှာလည်း မျက်ကွင်းတွေညိုနေပြီး ခြေထောက် နဲ့ နောက်ကျောမှာ အရိုက်ခံရတဲ့ အရှူိးရာတွေ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနောက် သူတို့အဖွဲ့နဲ့ ပါသွားတဲ့ ရဲတပ်ဖွဲ့ က မခင်သန်းဌေး ကို တပါတည်း ဖမ်းဆီးခေါ်ဆောင်လာပြီး သေဆုံးတဲ့ ကလေးအလောင်းနဲ့ ဒဏ်ရာရတဲ့ ကလေးငယ်ကိုလည်း မိုင်းပန် ပြည်သူ့ ဆေးရုံကြီး ဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံ မှ လိုအပ်တဲ့ ဆေးစစ်ချက် တွေ ဆောင်ရွက်ပြီးတာကြောင့် မဖူးဖူး ရဲ့အလောင်း ကို မနေ့ နေ့ခင်းကပဲ လူမှုကူညီရေး အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ သင်္ဂြိုဟ်ပေးခဲ့ပြီး ထွက်ပြေးနေတဲ့ မိဘ တွေကိုတော့ ရဲတပ်ဖွဲ့ မှ ဆက်လက်စုံစမ်း ရှာဖွေနေဆဲပဲလို့ ဦးတင်ခိုင်က ပြောပါတယ်။

Credit : DVB