အမေရိကန်နိုင်ငံ ဖလော်ရီဒါ ကမ်းခြေ ကို စက်တင်ဘာ ၁၀ ရက်နေ့က အင်အားပြင်း ဟာရီကိန်း မုန်တိုင်း တိုက်ခတ်ချိန်မှာ အမျိုးသမီး တဦးဟာ ဘာ အကူအညီ မှမပါဘဲ ခက်ခက်ခဲခဲ ကလေး မွေးဖွား ခဲ့ရပါတယ်။

ပြင်းအား အဆင့် ၅ ရှိတဲ့ အာမာ မုန်တိုင်း ကြောင့် မိုးသက်လေပြင်း တွေ တိုက်ခတ်နေခဲ့တာဖြစ်လို့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဘယ်လိုမှ သူ့ဆီကို မသွားနိုင်ခဲ့ကြတာမို့ ခုလို မွေးဖွား ခဲ့ရတာပါ။

သူဟာ အရေးပေါ်ဖုန်းနံပါတ် ၉၁၁ ကို မနက် ၃း၂၃ နာရီမှာ ခေါ်ခဲ့ပြီး အကူအညီ တောင်းခံခဲ့တာလို့ ဒေးလီးမေးလ် သတင်း တပုဒ်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် ကယ်ဆယ်ေ ရးအဖွဲ့တွေဟာ သူ့ဆီမရောက်နိုင်ခဲ့တဲ့အတွက် သူ့ဟာသူ ကလေး မွေးဖွား ခဲ့ကြောင်း ၅း၃၀ နာရီလောက်မှာ ဖုန်းပြန်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အမျိုးသမီး ဟာ သမီး မိန်းကလေး တဦးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွား နိုင်ခဲ့ပြီး နောက်မှာမှ ဆေးရုံ မှာ ဆက်လက်ကုသမှု ခံယူနိုင်ဖို့ ပို့ဆောင်ထားခဲ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။

မီးသတ် ကယ်ဆယ်ရေး ဌာန အကြီးအကဲ အယ်လ်လွိုင် ဂါစီယာက “ကျနော် တို့အနေနဲ့ သူ့ကို ဘယ်လိုမှ အကြောင်းမပြန်နိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့ဟာသူ အချင်းကြိုးဖြတ် မွေးဖွားခဲ့ရတာပါ။ လက်ရှိမှာတော့ အိမ် မှာ ကျန်းကျန်းမာမာ နဲ့ ရှိနေပါပြီ” လို့ ပြောပါတယ်။

မုန်တိုင်း အရှိန်ကြောင့် တပြည်နယ်လုံးမှာရှိတဲ့ အိမ်ခြေ ၂ ဒသမ ၅ သန်းလောက် လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပြီး မီယာမီမြို့က လမ်းမတွေပေါ်မှာ ရေကြီးရေလျံမှု ဖြစ်ပွားခဲ့ပါတယ်။

အတ္တလန္တိတ် သမုဒ္ဒရာ တွင်းမှာ ဖြစ်ခဲ့တဲ့ မုန်တိုင်း တွေထဲမှာ အပြင်းထန်ဆုံး မုန်တိုင်း စာရင်းဝင်တဲ့ ပြင်းအားအဆင့် ၅ ရှိ ဒီ မုန်တိုင်း ကြောင့် အမေရိကန်မှာ တတိယ လူနေအထူထပ်ဆုံးဖြစ်တဲ့ ဖလော်ရီဒါ ပြည်နယ်မှာ အမေရိကန်ဒေါ်လာ သန်းထောင်နဲ့ချီပြီး ဆုံးရှုံးမယ်လို့ ခန့်မှန်းထားပါတယ်။

Credit : DVB