ပြီးခဲ့တဲ့ ဇူလိုင်(၂၉)ရက်နေ့က ရန်ကုန်မှာ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲလေး လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ဟောပြောမှုပြီးတော့ တက်ရောက်လာသူတစ်ယောက်က မေးခွန်းမေးပါတယ်။

မိန်းကလေးတစ်ယောက်ကို သူ့ရည်းစားက ခြေလွန်လက်လွန် ဖြစ်ပြီးမှ မယူဘဲ ထားသွားခဲ့ရင် မိဘတွေက ဒီကောင်မလေးကို အပြစ်တင်ကြတယ် တဲ့။ သူ့အမြင်ကတော့ ဒီမိန်းကလေးဘက်ကနေ မိသားစုက ရပ်တည်ပေးရမှာဖြစ်ပြီး ဒီလိုအပြစ်တင်မှုတွေဟာ ပိုလို့တောင် လမ်းမှားရောက်စေတယ်လို့ မြင်ပါတယ် ဆိုပြီး ကျွန်တော့်အမြင်ကိုလည်း မေးပါတယ်။

ဒီလိုပြဿနာတွေက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အများအပြားကို ရှိပါတယ်။ အဲဒီလို ကိုယ်ဝန်နဲ့ကျန်ခဲ့တဲ့ Single mother တွေကို ကူညီပေးနေတဲ့ ကိုစိုးထိုက်တို့လို ပရဟိတသမားတွေတောင် ရှိလာတဲ့အထိပါ။

ကျွန်တော် (၃)ချက်ဖြေခဲ့ပါတယ်။

ပထမတစ်ချက်ကတော့ Sexuality Education ရဲ့ အရေးကြီးမှုပါ။ ဒီခေတ်မှာ နည်းပညာတွေ တအားတိုးတက်လာပါတယ်။ လက်ထဲက ဖုန်းလေးထဲမှာတင် ကြည့်ချင်တာကြည့်၊ ဖတ်ချင်တာဖတ်လို့ ရတဲ့ခေတ် ဖြစ်နေပါပြီ။ တစ်ဖက်မှာလည်း လူငယ်တွေရဲ့ သဘာဝက စူးစမ်းချင်တယ်။ လုပ်ဖူးချင်တယ်၊ တွေ့ကြုံဖူးချင်တယ်။ နောက်ပြီး လိင်မှုဆန္ဒ ဆိုတာကလည်း လူသားတိုင်းမှာ ရှိတဲ့ဆန္ဒ၊ အခြေခံလိုအပ်ချက် (Physiological needs) တစ်ခု။ ဒီတော့ “နင်တို့တွေ လက်မထပ်မချင်း အတူမနေကြနဲ့၊ ရောဂါတွေကူးကုန်မယ်” ဆိုတဲ့ အသိပညာပေးမှုလောက်နဲ့ ဒီခေတ်မှာ မလုံလောက်တော့တာ သေချာပါတယ်။ ဒါကြောင့်မို့ အသက်အရွယ်အလိုက် သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ကလေးတွေကို ပေးထားဖို့ လိုလာပါတယ်။

Sexuality Education လို့ဆိုလိုက်တာနဲ့ လိင်ဆက်ဆံတဲ့အကြောင်းတွေ သင်မယ် မထင်ပါနဲ့။ ကိုယ့်ခန္ဓာကိုယ်အကြောင်း၊ လူမှုဆက်ဆံရေးအကြောင်း၊ လိင်မှုဆိုင်ရာနဲ့ပတ်သက်တာတွေ သင်ပေးတာပါ။ ရလဒ်အနေနဲ့ လိင်ဆက်ဆံခြင်းကို စတင်တဲ့အသက်အရွယ်က နောက်ကျလာလိမ့်မယ်။ တကယ်လို့ စခဲ့ရင်တောင်မှ ကိုယ်ဝန်၊ ကူးစက်ရောဂါနဲ့ တခြားလူမှုရေးပြဿနာတွေ ဖြစ်မလာအောင် ကာကွယ်နိုင်တယ်။

ဒါဆို ကိုယ့်ရည်းစားနဲ့ အလွန်အကျူး မဖြစ်တော့သလို၊ ဖြစ်လာခဲ့ရင်တောင် နောက်ဆက်တွဲပြဿနာတွေ ပါမလာတော့ဘူး။ ကောင်လေးက တိုက်တဲ့ ဘာမှန်းမသိတဲ့ဆေးတွေ သောက်စရာ မလိုတော့ဘူး။ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုအရ၊ သွန်သင်မှုတွေအရ ဒီကိစ္စတွေနဲ့ ပတ်သက်ရင် မိန်းကလေးတွေက ရှက်ကြပါတယ်။ ကျွမ်းကျင်သူဆီ ဖုန်းဆက်မေးတာ၊ မက်ဆေ့ပို့မေးမြန်းကြတာ၊ ဆေးဆိုင်မှာ ဆေးသွားဝယ်တာ၊ အများစုက ယောကျာ်းလေးတွေကချည်း လုပ်နေကြတာပါ။ မိန်းကလေးတွေက ဘာမှမသိဘူး။ တိုက်တာ သောက်လိုက်တာပဲ။ ဒီတော့ ကိုယ့်သမီးရဲ့ရည်းစားက လူကောင်းသူကောင်းဆို တော်သေးတာပေါ့။ တိုက်လိုက်တာက အရေးပေါ်ဆေး မဟုတ်ဘဲ လိင်စိတ်ကြွဆေးတို့၊ ကိုယ်ဝန်ပျက်ကျတဲ့ဆေးတို့ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ကိုယ့်သမီးထားတဲ့ရည်းစား စိတ်ကောင်းရှိုဖို့ မျှော်လင့်နေရမယ့် အနေအထားထက် ကိုယ့်သမီးကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်အောင် သင်ပေးထားတာက ပိုကောင်းပါလိမ့်မယ်။

ဒုတိယတစ်ချက်ကတော့ Victim blaming ကိစ္စပါ။ ဒီလိုပြဿနာတွေ ဖြစ်လိုက်ရင် ကျွန်တော်တို့က ဒီကောင်မလေးကိုပဲ ‘အညှာလွယ်တာကိုး’၊ ‘သမီးရယ် မိုက်လိုက်တာ’၊ အစ်ကိုတွေရှိရင်လည်း မြန်မာကားတွေထဲကလို ပြောကြမယ်၊ ‘နင်မရှက်ပေမယ့် ငါရှက်တယ်ဟ’ ဘာညာ။ သူ့မှာလည်း အပြစ်ရှိတာတော့ မှန်ပေမယ့် တကယ့်လက်သည်ကို မေ့နေပြီး မိန်းကလေးကိုပဲ အပြစ်တင်နေကြတာ။ ဒီတော့ မိန်းကလေးက တခုခုဆို ဖွင့်မပြောရဲတော့ဘူး။ ကြိတ်ဖြေရှင်းတယ်။ မဖြစ်သင့်တာတွေ ဖြစ်လာရတယ်။ တကယ်ဆို အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ကပါ ပြင်ရမယ့် mindset တစ်ခုဖြစ်ပါတယ်။ သို့သော် ခုချိန်ထိ အနီးကပ်မိသားစုဝင်တွေကတောင် မပြောင်းနိုင်သေးဘူး။

ဒီနေရာမှာ ဆရာငြိမ်းကျော်ရဲ့ ၀တ္ထုတစ်ပုဒ်ကို ညွှန်းလိုတယ်။

“အပြာရောင်သစ်ခွပွင့်ရဲ့ သမိုင်းအစ”။

ဒီစာအုပ်ထဲမှာ ဇာတ်ကောင် မိန်းကလေးက သူ့ရည်းစားကိုယုံပြီး အတူနေလိုက်တယ်။ တစ်ဖက်ကောင်လေးအတွက်က မထူးဆန်းတဲ့ကိစ္စ ဆိုပေမယ့် သူ့အတွက်ကျ တကယ်ကိုချစ်လို့၊ သူ့ကိုလက်ထပ်မယ်ထင်လို့ လက်ခံလိုက်တာ။ ကိုယ်ဝန်ရလာတော့ ထင်သလို ဖြစ်မလာဘူး။ ကောင်လေးက ရှောင်နေတယ်။ သူတို့မိဘကလည်း ချမ်းသာတော့ အခြေအနေချင်း ကွာခြားနေတဲ့ ဒီမိန်းကလေးနဲ့ သဘောမတူချင်ဘူး။ ဒီလိုနဲ့ သူ့မိဘတွေ သိသွားတယ်။ ဒါပေမယ့် သူထင်ခဲ့သလို သူ့မိဘက လုံးဝအပြစ်မတင်ဘဲ သမီးဘက်က ရပ်တည်တယ်။ “ရှက်ချင်းရှက် တာဝန်မယူတတ်တဲ့သူက ရှက်ရမှာ၊ ငါ့သမီးက ဘာမှရှက်စရာမလိုဘူး” တဲ့။ အပ်ချုပ်ဆရာအဖေက သမီးဝတ်မယ့် ဗိုက်ဖုံးအကျီင်္တွေကအစ ချုပ်ပေးတယ်။ ပတ်ဝန်းကျင်ကလည်း အစပိုင်းကတော့ ကဲ့ရဲ့တယ်။ နောက်တော့ မကဲ့ရဲ့နိုင်တော့ဘူး။ တဖြည်းဖြည်းနဲ့ လက်ခံလာတယ်။ သာမန်ကိုယ်ဝန်ဆောင်လိုပဲ မြင်လာတယ်။

နောက်တော့ ဟိုကောင်လေးက ပြန်ဆက်သွယ်လာတယ်၊ သူ လက်ထပ်ပါမယ်ပေါ့။ တွေးကြည့်ရင် မိန်းကလေးတွေဘက်က ကိုယ်ဝန်များရသွားရင် အစစရှုံးသွားသလိုပဲ၊ တစ်ဖက်က ယူမယ်ဆိုတာနဲ့ကို ၀မ်းပန်းတသာ လက်ခံရတော့မယ့်အဖြစ်၊ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေကြောင့်ပေါ့။ ဒီဇာတ်လမ်းမှာလည်း အဲ့အတိုင်း သိမ်းသွားမယ် ထင်ပေမယ့် မဟုတ်ဘူး။ အဲဒီလို လက်ထပ်ပါရစေ လာပြောတဲ့အချိန်မှာ ကောင်မလေးက ပြန်ပြောလိုက်တယ်၊ “ကျွန်မ တစ်ချိန်မှာ လက်ထပ်ကောင်းထပ်ဦးမှာပါ၊ ဒါပေမယ့် သေချာတာက အဲ့ဒီလူဟာ ရှင် ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး” တဲ့။ မာန်ပါလိုက်တဲ့ စကားလေး။ ကိုယ်သာ အဲဒီကောင်လေးနေရာဆို ရှက်လို့နေရာမှာတင် သေသွားနိုင်တယ်။ ဒီနေ့ခေတ်မှာ ရိုက်နေတဲ့ ဇာတ်ကားတွေ၊ မင်းသားက မင်းသမီးနဲ့မှား၊ မင်းသမီးက ကိုယ်ဝန်ကြီးနဲ့ ရွာပြန်၊ မင်းသားက သူ့အမှားတွေနားလည်ပြီး နောက်ကလိုက်သွား၊ တောင်းပန်၊ ခွင့်လွှတ်၊ အဖေရှိမှ မိသားစုက တင့်တယ်တယ်ဆိုတဲ့ မက်ဆေ့ခ်ျနဲ့ ဇာတ်သိမ်းသွားတဲ့ ဇာတ်ကားတွေထက် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေးခဲ့တဲ့ ဆရာငြိမ်းကျော်ရဲ့ ၀တ္ထုက ပိုခေတ်မီနေတယ်။

ဒီဝတ္ထုကနေ (၂)ချက် ပြောသွားတယ်။ မိဘတွေရဲ့ရပ်တည်ပေးမှုက ဘယ်လောက်ထိ အရေးပါတယ် ဆိုတာရယ်၊ ပတ်ဝန်းကျင်ရဲ့အမြင်တွေဟာ ပြောင်းလဲလို့ရတယ် ဆိုတာရယ်။ ပုံမှန်ဆို ဒီလိုကောင်မလေးကို ကဲ့ရဲ့တယ်။ ဒီထဲမှာလည်း ကဲ့ရဲ့တာပဲ။ ဒါပေမယ့် တည့်တည့်ရင်ဆိုင်လိုက်တဲ့အခါမှာ ဒါတွေဟာ ပြောပလောက်တဲ့ ပြဿနာမဟုတ်တော့ဘူး။ ဒီဝတ္ထုနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးခဲ့တဲ့ ဆရာလကာင်္ရည်ကျော်ကတော့ ပြောပါတယ်၊

“It’s not the end of the world”

သူတာဝန်မယူလို့ ကိုယ့်မှာ ကိုယ်ဝန်နဲ့ကျန်ခဲ့ရတယ်ဆိုတာ စိတ်ညစ်စရာပါ။ မိဘက ဆူတော့မယ်၊ ပတ်ဝန်းကျင်က ကဲ့ရဲ့တော့မယ်။ သို့သော် ဒါဟာ ကမ္ဘာကြီး ပျက်စီးတော့မှာမျိုး မဟုတ်ဘူး။ အကြီးကြီးလို့ ထင်ရပေမယ့် တကယ်ရင်ဆိုင်လိုက်ရင် ရတယ်၊ ကျော်လွှားလိုက်လို့ ရပါတယ် တဲ့။

တူညီတဲ့အရာကို ထပ်တလဲလဲ မြင်နေရရင် သမားရိုးကျ လို့ ထင်လာတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနေတဲ့ Single mother တွေများလာတဲ့အခါ ဒါဟာ ရှက်စရာမဟုတ်တော့ဘဲ ပြစ်တင်ကဲ့ရဲ့မှုတွေအကုန်လုံးက တာဝန်မယူတတ်တဲ့သူဆီကိုသာ ရောက်သွားတဲ့နေ့ဆိုတာ ရှိလာလိမ့်မယ်။

နောက်ဆုံးတစ်ခုကတော့ သားတွေကို ဆုံးမထားဖို့ပါ။ သားနဲ့သမီးမှာ သမီးအပျိုဖြစ်လာတာကို မိဘတွေက ပိုစိတ်ပူပါတယ်၊ ခုလိုတွေ ဖြစ်လာမှာကိုပေါ့။ ဒီအခါမှာ ဘယ်လိုမနေနဲ့၊ ဘယ်လိုမထိုင်နဲ့၊ ဘယ်မသွားနဲ့ စသဖြင့် ဆုံးမတတ်ကြတယ်။ တကယ်တမ်းတော့ ဒီလိုပြဿနာတွေကို ဘယ်သူတွေက လုပ်နေကြတာလဲဆိုရင် သားယောကျာ်းလေးတွေက လုပ်နေကြတာပါ။ ဒါပေမယ့် ဘယ်မိဘကမှ ကိုယ့်သားကို ဒီလိုတွေမလုပ်သင့်ကြောင်း မဆုံးမထားကြပါဘူး။ တချို့မိဘများဆိုရင် ကိုယ်က သားရှင်ဆိုပြီးတောင် ကိုယ်ချင်းမစာမနာ တွေးတတ်ပြောတတ်ကြပါတယ်။

ကျွန်တော်တို့တွေ အသိပညာပေးကြတယ်ဆိုလည်း ဒီလိုပဲ၊ မိန်းကလေးဘက်ကိုပဲ ပြောနေကြတယ်။ အဓိကတာဝန်ရှိတဲ့ ယောကျာ်းလေးတွေက လွတ်နေကြပါတယ်။ သူတို့စိတ်ထဲမှာ ယောကျာ်းလေးဖြစ်ရတာ အသာကြီးပဲလို့ ထင်နေတယ်။ တခုခုဆိုလည်း မိန်းကလေးပဲ ပြစ်တင်ခံရတာ၊ သူတို့ပဲ ဒုက္ခဖြစ်ရတာ၊ ဒီလိုအတွေးတွေ ၀င်နေကြတယ်။ ဒါကြောင့်မို့ သမီးတွေကို ဘယ်လိုနေ ဘယ်လိုထိုင် ဆုံးမနေတဲ့တစ်ပြိုင်တည်းမှာပဲ သားတွေကို ကိုယ့်လုပ်ရပ် ကိုယ်တာဝန်ယူတတ်ဖို့၊ တာဝန်မယူတတ်ခြင်းဟာ ရှက်စရာသိပ်ကောင်းမှန်း နားလည်ဖို့၊ ရှက်လည်းရှက်တတ်ဖို့ သင်ပေးထားကြရမှာလည်း ဖြစ်ပါတယ်။

ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ

၃.၉.၂၀၁၇

Ref:

၁။ အပြာရောင်သစ်ခွပွင့်ရဲ့ သမိုင်းအစ – ငြိမ်းကျော်

၂။ The conversation you must have with your sons: Carina Kolodny

၃။ ကျွန်ုပ်တို့အားလုံး ဖီးမီးနစ် ဘာကြောင့် ဖြစ်သင့်သလဲ – နန္ဒာ (ဘာသာပြန်)