28 C
Yangon
Monday, August 10, 2020
Myanmar’s Got Talents မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ “သားတို႔အမႊာ” ဆိုတဲ့ အမႊာညီအစ္ကို ႏွစ္ေယာက္ရဲ႕ ေနာက္ကြယ္ကဘဝ

Myanmar’s Got Talents မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ “သားတို႔အမႊာ” ဆိုတဲ့ အမႊာညီအစ္ကို ႏွစ္ေယာက္ရဲ႕ ေနာက္ကြယ္ကဘဝ

1431
0

Zawgyiျဖင့္ဖတ္ရန္

 

မႏၲေလးၿမိဳ႕ ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၊ ဦးပြားဂုံးေက်ာ္အနီးက ရပ္ကြက္တစ္ခုမွာ “သားတို႔အမႊာ” အိမ္ငွား ေနၾကပါတယ္။ အသက္ ၁၂ ႏွစ္သာရွိေသးတဲ့ သူတို႔ႏွစ္ေယာက္ဟာ ငယ္႐ြယ္စဥ္ကတည္းက အႏုပညာဗီဇပါလာတဲ့သူေတြလို႔ဆိုရမွာပါ။ စီးပြားေရးမေျပလည္မႈေတြၾကားက ကေလးေတြရဲ႕ ဝါသနာကို မိခင္ျဖစ္သူက ျဖည့္ဆည္းေပးခဲ့ပါတယ္။

ဟန္သာၿဖိဳးနဲ႔ ဟန္သာမိုးတို႔ အသက္ ၉ လအ႐ြယ္မွာ ဖခင္ျဖစ္သူဟာ အဆုတ္မွာ အနာေပါက္လို႔ ဆုံးပါးသြားခဲ့တယ္။ အမ်ိဳးသားျဖစ္သူ ဆုံးပါးၿပီးကတည္းက လူမမယ္ အမႊာကေလးႏွစ္ေယာက္နဲ႔ အသက္ ၃ ႏွစ္အ႐ြယ္ သမီးေလးတို႔ကို မိခင္ျဖစ္သူေဒၚေအးေအးမိုးက ဘုရားႀကီးအေရွ႕မုဂ္မွာ ပန္းေရာင္းၿပီး ေကြၽးေမြးေစာင့္ေရွာက္ခဲ့ရပါတယ္။

ကေလးငယ္သုံးေယာက္ကို ပန္းေရာင္းၿပီးရွာေဖြေကြၽးေပမယ့္ စီးပြားေရးက ဘယ္လိုမွ အဆင္မေျပခဲ့ပါဘူး။ စားဝတ္ေနေရးအဆင္ေျပဖို႔ အေႂကြးေတြယူရတယ္။ အေႂကြးယူေတာ့ အေႂကြးပူတဲ့ ဘဝဒဏ္ကလည္း မေသးလွပါဘူး။ ဒီလိုအခက္အခဲေတြေၾကာင့္ အမႊာကေလးေတြထဲက သားအႀကီး ဟန္သာမိုးကို ေမြးစားဖို႔ ေပးလိုက္ရတဲ့အထိ ႀကဳံခဲ့ရပါတယ္။

‘ဘဝေပးအေျခေနေၾကာင့္သာခြဲေနရတာ ဒီကေလးႏွစ္ေယာက္ကိုအတူတူထားတယ္။ လုပ္ငန္းၿပီးရင္ အႀကီးေကာင္ေမြးစားတဲ့အိမ္ကိုသြားတယ္။ ေက်ာင္းကိုလည္း တစ္ေက်ာင္းတည္းမွာ အတူတူထားတယ္။ ညီအကိုခ်င္းေပ်ာ္ေပ်ာ္ပါးပါးေနၾကတယ္။ မိုးခ်ဳပ္လို႔အိပ္ခ်ိန္ေရာက္မွ အိမ္ျပန္အိပ္တယ္ ၊ အမႊာေတြကလည္း သုံးမိနစ္တစ္ခါေလာက္ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္လို႔ အိမ္နီးနားခ်င္းေတြက စေနာက္တဲ့အေၾကာင္း ’ ေဒၚေအးေအးမိုးကဆိုပါတယ္။

ေဒၚေအးေအးမိုးတို႔မွာ အႏုပညာမ်ိဳး႐ိုးမရွိခဲ့ပါဘူး။ သူနဲ႔အတူေနတဲ့ သားငယ္ျဖစ္သူ ဟန္သာၿဖိဳးက အသက္ေလးႏွစ္ကစၿပီး အႏုပညာဝါသနာပါခဲ့တယ္လို႔ဆိုရမွာပါ။ ငယ္စဥ္ကတည္းက မင္းသားကတဲ့ စီဒီအေခြဖြင့္ျပမွ အငိုရပ္တက္တဲ့ ကေလးတစ္ဦးျဖစ္ပါတယ္။

‘တျခားအေခြျပရင္မေနဘူး။ မင္းသားအကဖြင့္ျပရင္ႀကိဳက္တယ္။ မေျပာတတ္၊ ေျပာတက္အ႐ြယ္ကတည္းက နဂါးအက ကတက္ၿပီ ၊ ဘီလူးအက က တက္ၿပီဆိုၿပီး ေျပာတယ္’လို႔ ေဒၚေအးေအးမိုးက ေျပာပါတယ္။
ေန႔ျပန္တိုးနဲ႔ အေႂကြးယူူၿပီး မင္းသားဝတ္စုံခ်ဳပ္ေပးခဲ့တဲ့အထိကေလးငယ္ရဲ႕ ဝါသနာကို ျဖည့္စည္းေပးခဲ့ေၾကာင္း ေျပာပါတယ္။

အသက္ ေလးႏွစ္အ႐ြယ္မွာ မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ (ဘုရားႀကီး) ေညာင္ေရသြန္းပြဲေတာ္မွာ သားငယ္ျဖစ္သူ ဟန္သာၿဖိဳးရဲ႕ ပြဲဦးထြက္ ကျပခဲ့ပါတယ္။ သားငယ္ျဖစ္သူ ကတာျမင္ေတာ့ သားႀကီးျဖစ္သူကလည္း သူလည္းကခ်င္တယ္လို႔ ဆိုလာတဲ့အတြက္ သူတို႔ အသက္ ၆ ႏွစ္အ႐ြယ္မွာ World Vision က ျပဳလုပ္တဲ့ ပြဲတစ္ခုမွာ ဦးေ႐ႊ႐ိုး ၊ ေဒၚမိုးအကနဲ႔ ေဖ်ာ္ေျဖရာကစလို႔ ပိုၿပီး လူသိမ်ားလာခဲ့ပါတယ္။ အဲဒီကေန ကထိန္ပြဲ ၊ အလႉပြဲေတြမွာပါ ကျပေဖ်ာ္ေျဖလာရပါတယ္။

အဲဒီကေန ‘သားတို႔အမႊာ’ဆိုတဲ့ အကေပဒသာအဖြဲ႕ေလးကို ဖြဲ႕ခဲ့တယ္။ စနစ္တက် က တတ္ေစဖို႔ မႏၲေလးပန္တ်ာေက်ာင္းက ဆရာဦးေဇာ္ႏိုင္ဆီမွာ အကသင္ၾကားေပးခဲ့ပါတယ္။ ကေလးေတြဟာ အႏုပညာမွာ ေတာ္တဲ့သူေတြျဖစ္သလို ပညာေရးမွာလည္း ထက္ျမက္တဲ့သူေတြပါ။ ငယ္စဥ္ကတည္းကေန အခုခ်ိန္အထိ ပညာရည္ခြၽန္ဆုေတြရခဲ့ပါတယ္။

ၿပီးခဲ့တဲ့ Myanmar’s Got Talents ၿပိဳင္ပြဲမွာလည္း သူတို႔ႏွစ္ဦး ကို ျမန္မာ့႐ိုးရာအကနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ ေစခဲ့ပါတယ္။ ကေလးေတြရဲ႕ အႏုပညာကို ေဖာ္ထုတ္ျပသေစလိုတဲ့ ေစတနာရယ္ ၊ ၿပိဳင္ပြဲမွာ အႏိုင္ရရွိရင္ အလႉေပးမယ္ဆိုတဲ့ စိတ္ရယ္ေၾကာင့္ Myanmar’s Got Talents မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ေစခဲ့ပါတယ္။ ငယ္႐ြယ္စဥ္က ရွင္ျပဳနားသအလႉလုပ္ၿပီး ရွင္ျပဳေပးခဲ့ေပမယ့္ စီးပြားေရးမေျပလည္မႈေၾကာင့္ အက်ဥ္းခ်ဳံးသာက်င္းပခဲ့ရတယ္။ ဒါေၾကာင့္ Myanmar’s Got Talents မွာ အႏိုင္ရရင္ ဆုေငြ သိန္း၁၅ဝကို ဘာမွမသုံးဘဲ အလႉႀကီးေပးမယ္လို႔ ရည္႐ြယ္ခဲ့တာပါ။ ဒါေပမယ့္ သူ႔ရဲ႕ ရည္႐ြယ္ခ်က္မျပည့္ခဲ့ပါဘူး။

အႏုပညာဝါသနာပါၿပီး ၊ ပညာေရးမွာလည္း ေျပာစရာမလိုတဲ့ ဟန္သာမိုးနဲ႔ ဟန္သာၿဖိဳးက ေဒၚေအးေအးမိုးအတြက္ ဘုရားေပးတဲ့ဆုလဘ္တစ္ခုပါပဲတဲ့။ ‘ပညာေရးမွာ ခုခ်ိန္ထိ မစိုရိမ္ရဘူး။ စာက်က္ပါလို႔မတိုက္တြန္းရဘူး။ သူတို႔အလုပ္သူတို႔လုပ္သြားတာ။ ဒီကေလးေတြရတာဟာ အဖက္ဖက္က ဘုရားေပးတဲ့ဆုလာဘ္ပါပဲ’လို႔ ဆိုပါတယ္။

‘သားတို႔အမႊာ’ရဲ႕ ေဖ်ာ္ေျဖမႈကို ၾကည့္ရွဴလိုတဲ့ စာဖတ္ပရိတ္သတ္ေတြအတြက္ ငွားရမ္းခ်င္တယ္ဆိုရင္ ဖုန္းနံပါတ္ ၀၉-၂၅၉၀၆၆၁၁၈ ကို ဆက္သြယ္ႏိုင္ပါတယ္လို႔ ေဒၚေအးေအးမိုးက ေျပာပါတယ္။

Credit to အိမို႔မို႔ခိုင္

 

Unicodeဖြင့်ဖတ်ရန်

 

Myanmar’s Got Talents မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ “သားတို့အမွှာ” ဆိုတဲ့ အမွှာညီအစ်ကို နှစ်ယောက်ရဲ့ နောက်ကွယ်ကဘဝ

 

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ဦးပွားဂုံးကျော်အနီးက ရပ်ကွက်တစ်ခုမှာ “သားတို့အမွှာ” အိမ်ငှား နေကြပါတယ်။ အသက် ၁၂ နှစ်သာရှိသေးတဲ့ သူတို့နှစ်ယောက်ဟာ ငယ်ရွယ်စဉ်ကတည်းက အနုပညာဗီဇပါလာတဲ့သူတွေလို့ဆိုရမှာပါ။ စီးပွားရေးမပြေလည်မှုတွေကြားက ကလေးတွေရဲ့ ဝါသနာကို မိခင်ဖြစ်သူက ဖြည့်ဆည်းပေးခဲ့ပါတယ်။

ဟန်သာဖြိုးနဲ့ ဟန်သာမိုးတို့ အသက် ၉ လအရွယ်မှာ ဖခင်ဖြစ်သူဟာ အဆုတ်မှာ အနာပေါက်လို့ ဆုံးပါးသွားခဲ့တယ်။ အမျိုးသားဖြစ်သူ ဆုံးပါးပြီးကတည်းက လူမမယ် အမွှာကလေးနှစ်ယောက်နဲ့ အသက် ၃ နှစ်အရွယ် သမီးလေးတို့ကို မိခင်ဖြစ်သူဒေါ်အေးအေးမိုးက ဘုရားကြီးအရှေ့မုဂ်မှာ ပန်းရောင်းပြီး ကျွေးမွေးစောင့်ရှောက်ခဲ့ရပါတယ်။

ကလေးငယ်သုံးယောက်ကို ပန်းရောင်းပြီးရှာဖွေကျွေးပေမယ့် စီးပွားရေးက ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ စားဝတ်နေရေးအဆင်ပြေဖို့ အကြွေးတွေယူရတယ်။ အကြွေးယူတော့ အကြွေးပူတဲ့ ဘဝဒဏ်ကလည်း မသေးလှပါဘူး။ ဒီလိုအခက်အခဲတွေကြောင့် အမွှာကလေးတွေထဲက သားအကြီး ဟန်သာမိုးကို မွေးစားဖို့ ပေးလိုက်ရတဲ့အထိ ကြုံခဲ့ရပါတယ်။

‘ဘဝပေးအခြေနေကြောင့်သာခွဲနေရတာ ဒီကလေးနှစ်ယောက်ကိုအတူတူထားတယ်။ လုပ်ငန်းပြီးရင် အကြီးကောင်မွေးစားတဲ့အိမ်ကိုသွားတယ်။ ကျောင်းကိုလည်း တစ်ကျောင်းတည်းမှာ အတူတူထားတယ်။ ညီအကိုချင်းပျော်ပျော်ပါးပါးနေကြတယ်။ မိုးချုပ်လို့အိပ်ချိန်ရောက်မှ အိမ်ပြန်အိပ်တယ် ၊ အမွှာတွေကလည်း သုံးမိနစ်တစ်ခါလောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လို့ အိမ်နီးနားချင်းတွေက စနောက်တဲ့အကြောင်း ’ ဒေါ်အေးအေးမိုးကဆိုပါတယ်။

ဒေါ်အေးအေးမိုးတို့မှာ အနုပညာမျိုးရိုးမရှိခဲ့ပါဘူး။ သူနဲ့အတူနေတဲ့ သားငယ်ဖြစ်သူ ဟန်သာဖြိုးက အသက်လေးနှစ်ကစပြီး အနုပညာဝါသနာပါခဲ့တယ်လို့ဆိုရမှာပါ။ ငယ်စဉ်ကတည်းက မင်းသားကတဲ့ စီဒီအခွေဖွင့်ပြမှ အငိုရပ်တက်တဲ့ ကလေးတစ်ဦးဖြစ်ပါတယ်။

‘တခြားအခွေပြရင်မနေဘူး။ မင်းသားအကဖွင့်ပြရင်ကြိုက်တယ်။ မပြောတတ်၊ ပြောတက်အရွယ်ကတည်းက နဂါးအက ကတက်ပြီ ၊ ဘီလူးအက က တက်ပြီဆိုပြီး ပြောတယ်’လို့ ဒေါ်အေးအေးမိုးက ပြောပါတယ်။
နေ့ပြန်တိုးနဲ့ အကြွေးယူူပြီး မင်းသားဝတ်စုံချုပ်ပေးခဲ့တဲ့အထိကလေးငယ်ရဲ့ ဝါသနာကို ဖြည့်စည်းပေးခဲ့ကြောင်း ပြောပါတယ်။

အသက် လေးနှစ်အရွယ်မှာ မဟာမုနိရုပ်ရှင်တော်မြတ် (ဘုရားကြီး) ညောင်ရေသွန်းပွဲတော်မှာ သားငယ်ဖြစ်သူ ဟန်သာဖြိုးရဲ့ ပွဲဦးထွက် ကပြခဲ့ပါတယ်။ သားငယ်ဖြစ်သူ ကတာမြင်တော့ သားကြီးဖြစ်သူကလည်း သူလည်းကချင်တယ်လို့ ဆိုလာတဲ့အတွက် သူတို့ အသက် ၆ နှစ်အရွယ်မှာ World Vision က ပြုလုပ်တဲ့ ပွဲတစ်ခုမှာ ဦးရွှေရိုး ၊ ဒေါ်မိုးအကနဲ့ ဖျော်ဖြေရာကစလို့ ပိုပြီး လူသိများလာခဲ့ပါတယ်။ အဲဒီကနေ ကထိန်ပွဲ ၊ အလှူပွဲတွေမှာပါ ကပြဖျော်ဖြေလာရပါတယ်။

အဲဒီကနေ ‘သားတို့အမွှာ’ဆိုတဲ့ အကပေဒသာအဖွဲ့လေးကို ဖွဲ့ခဲ့တယ်။ စနစ်တကျ က တတ်စေဖို့ မန္တလေးပန်တျာကျောင်းက ဆရာဦးဇော်နိုင်ဆီမှာ အကသင်ကြားပေးခဲ့ပါတယ်။ ကလေးတွေဟာ အနုပညာမှာ တော်တဲ့သူတွေဖြစ်သလို ပညာရေးမှာလည်း ထက်မြက်တဲ့သူတွေပါ။ ငယ်စဉ်ကတည်းကနေ အခုချိန်အထိ ပညာရည်ချွန်ဆုတွေရခဲ့ပါတယ်။

ပြီးခဲ့တဲ့ Myanmar’s Got Talents ပြိုင်ပွဲမှာလည်း သူတို့နှစ်ဦး ကို မြန်မာ့ရိုးရာအကနဲ့ ဝင်ရောက်ယှဉ်ပြိုင် စေခဲ့ပါတယ်။ ကလေးတွေရဲ့ အနုပညာကို ဖော်ထုတ်ပြသစေလိုတဲ့ စေတနာရယ် ၊ ပြိုင်ပွဲမှာ အနိုင်ရရှိရင် အလှူပေးမယ်ဆိုတဲ့ စိတ်ရယ်ကြောင့် Myanmar’s Got Talents မှာ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပါတယ်။ ငယ်ရွယ်စဉ်က ရှင်ပြုနားသအလှူလုပ်ပြီး ရှင်ပြုပေးခဲ့ပေမယ့် စီးပွားရေးမပြေလည်မှုကြောင့် အကျဉ်းချုံးသာကျင်းပခဲ့ရတယ်။ ဒါကြောင့် Myanmar’s Got Talents မှာ အနိုင်ရရင် ဆုငွေ သိန်း၁၅ဝကို ဘာမှမသုံးဘဲ အလှူကြီးပေးမယ်လို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ရည်ရွယ်ချက်မပြည့်ခဲ့ပါဘူး။

အနုပညာဝါသနာပါပြီး ၊ ပညာရေးမှာလည်း ပြောစရာမလိုတဲ့ ဟန်သာမိုးနဲ့ ဟန်သာဖြိုးက ဒေါ်အေးအေးမိုးအတွက် ဘုရားပေးတဲ့ဆုလဘ်တစ်ခုပါပဲတဲ့။ ‘ပညာရေးမှာ ခုချိန်ထိ မစိုရိမ်ရဘူး။ စာကျက်ပါလို့မတိုက်တွန်းရဘူး။ သူတို့အလုပ်သူတို့လုပ်သွားတာ။ ဒီကလေးတွေရတာဟာ အဖက်ဖက်က ဘုရားပေးတဲ့ဆုလာဘ်ပါပဲ’လို့ ဆိုပါတယ်။

‘သားတို့အမွှာ’ရဲ့ ဖျော်ဖြေမှုကို ကြည့်ရှူလိုတဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ငှားရမ်းချင်တယ်ဆိုရင် ဖုန်းနံပါတ် ၀၉-၂၅၉၀၆၆၁၁၈ ကို ဆက်သွယ်နိုင်ပါတယ်လို့ ဒေါ်အေးအေးမိုးက ပြောပါတယ်။

Credit to အိမို့မို့ခိုင်